.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

ဒီတခါတော့ကျနော့် ဘလော့မှာအလည်လာ ကြသောသူငယ်ချင်းများ ကိုထူးထူးခြားပဟေဠိ မေးခွန်းစာပိုဒ်လေးကို တင်ပြချင်ပါတယ်

နောက်ဆုံးမေးခွန်းလေးရဲ့ အဖြေကို လာရောက်လည်ပတ်တဲ့ သူငယ်ချင်းများ ဥာဏ်စမ်းအနေနဲ့ comment ရေးတဲ့ နေရာတွင်ဥာဏ်စမ်း အနေနဲ့ အဖြေပေးကြပါလို့ တောာင်းဆိုပါရစေ ။ အဖြေမှန်ကိုတော့ ရှေ့လဆန်း ကျရင် ကျနော်ပြန်တင်ပေးပါမယ် ။ ဆယ်တန်း စာမေးပွဲ
ဖြေကြတယ်လို့ သဘောထားပေးကြပါ ။ ရှေ့လကျမှ အကယ်၍ ဖြေဆိုပြီးသူများ အောင်စာရင်းလာ ကြည့်ကြပါရန် နှိုးဆော်အပ်ပါသည်။
ကဲ.....ပုံပြင်လေး ဆက်တော့မယ် လေကြောရှည်နေတာနဲ့ လိုရင်းကို မရောက်တော့ဘူး .......

အခြားသော တံခါးတစ်ချပ် ပွင့်နေတယ်

ပြီးဆုံးခြင်းဟာ နောက်ထပ် အစပြုခြင်းဆိုတာကို နားလည်ပါ။


ဒီစာကြောင်းလေးကို ဖတ်ပြီးတော့ ခင်ဗျားတို့ ဘယ်လိုသဘောရလဲဗျ။ ကျနော်ကတော့ ကိုရီးယားရောက် ညီအကိုတွေဟာ ကိုယ်ချစ်တဲ့နိုင်ငံ၊ ကိုယ်ချစ်တဲ့ မိဘဆွေမျိုး ညီအကိုမောင်နှမတွေကို စွန့်ခွာပြီး ရပ်ဝေးမြေခြားမှာ အလုပ်လုပ်နေကြရတဲ့သူတွေ အများစုဖြစ်နေတဲ့အပြင် မတူညီတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကြားမှာ စက်ယန္တရားတွေနဲ့ နပမ်းလုံးနေကြတဲ့အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေ ရေးရင်ကောင်းမယ်လို့ စဉ်းစားမိတာကြာပါပြီ။ ရေးကြည့်မယ်လုပ်ပြန်တော့လည်း သူများကို ခွန်အားဖြစ်စေဖို့ နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မနည်းအားမွေးနေရတဲ့ဘ၀ဆိုတော့ မထူးပါဘူး၊ သူများရေးထားတာလေးတွေကိုပဲ ဖတ်ပြလိုက်တော့မယ်လို့ စိတ်ကူးမိပါတယ်။ အဲဒါနဲ့ တိုက်ဆိုင်ချင်တော့


မိတ်ဆွေတစ်ယောက်ကလည်း အဲလိုစာအုပ်မျိုးလေး လက်ဆောင်ပေးတာနဲ့ ဖတ်ကြည့်တော့ ကိုယ်တို့ ရွာသားတွေကို ဖတ်ပြရင် မဆိုးလောက်ဘူးလို့ ထင်တာနဲ့ အပျင်းကြီးလို့ ဘာမှမလုပ်ချင်ဖြစ်နေတဲ့ ကျနော်ကိုယ်တိုင်လည်း နည်းနည်း အပျင်းထူစိတ်လေး လျော့သွားအောင် တင်ပေးလိုက်တာပါ။ ရေးတဲ့သူက ကိုရီးယားလူမျိုး ရူပဗေဒပါမောက္ခတစ်ယောက်ပါ။ သူ့ရဲ့ဘ၀အမြင်တွေကို ပေးစာလိုမျိုး ရေးထားတာပါ။ ဘာသာချင်းမတူတော့ တစ်ချို့နေရာတွေ အဆင်ပြေအောင် ကြည့်ရေးထားတယ်ဗျာ။ ခင်ဗျားတို့ ဖတ်ကြည့်ပြီး ခွန်အားမဖြစ်လို့ရှိရင်လည်း သီးခံဖတ်ပေါ့ဗျာ။ အပျင်းပြေတယ်ဆိုရင် တော်ပါပြီ။ သူ့စာက ပေးတဲ့ အတွေးလေးတွေကတော့ မဆိုးလှဘူးဗျ။ မြည်းစမ်းကြည့်ပေါ့ဗျာ။

၁။ ပြီးဆုံးခြင်းဟာ နောက်ထပ် အစပြုခြင်းဆိုတာကို နားလည်ပါ။

တကယ်လို့များ ဘ၀ရဲ့ နောက်ဆုံးအခိုက်အတန့်လေးကို တွေ့ကြုံနေပြီဆိုပါစို့…၊ သင့် ဘ၀တလျှောက်လုံး ချစ်မြတ်နိုးရသူတွေအတွက် ဘယ်လို အရာတွေ ချန်ထားမယ်လို့ စိတ်ကူးပါသလဲ။ ဒင်္ဂါးပြားဟာ ရှေ့နောက် မျက်နှာပြင်နှစ်ခု ရှိနေသလိုမျိုး၊ ဘ၀မှာလည်း ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ရှိနေရတာလိုပဲ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့အရာတွေဟာလည်း အတူတကွ ရှိနေကြတာပါ။ အကြောင်းကိစ္စ ဖြစ်လာရင် ကြိုးစားဖြေရှင်းရမှာပါ။ အထူးသဖြင့် ကြီးမားတဲ့အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ပင်ပန်းခက်ခဲပေမယ့် ကြိုးစားရင်ဆိုင်ဖြေရှင်းရခြင်းဟာ ဘ၀ရဲ့ ကံကြမ္မာပဲ မဟုတ်လား။ အဆိုအမိန့်တစ်ခု ရှိပါတယ်။ “ တံခါးတစ်ချပ် ပိတ်နေလျှင် အခြားသော တံခါးတစ်ချပ် ပွင့်နေတယ်…” တဲ့။ ရှုမြင်ပုံကို လိုက်လို့ မိမိတို့ယုံကြည်တဲ့အတိုင်း မတူညီတဲ့ ရလာဒ်တွေ ပေါ်ထွက်လာတာဟာ လောကရဲ့အမှန်တရားတစ်ခုပါ။ ဘ၀က သင့်ကို မကောင်းတဲ့အရာတွေပဲ ပေးတယ်ဆိုရင်လည်း အဲဒီအရာတွေကို အကောင်းအဖြစ် ပြောင်းလဲနိုင်တဲ့ အရည်အသွေးနဲ့ အကောင်းအဖြစ် ဖန်တီးရှုမြင်ပါ။ ဘ၀ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံး အချိန်တွေမှာ ရည်မှန်းချက်ဟာ ပိုပြီး ပြတ်သားခိုင်မာစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်တွင်းမှာ အောင်မြင်မှုအတွက် လိုအပ်တဲ့ အရာမှန်သမျှ ပြီးပြည့်စုံစွာ ရှိနေတယ်လို့ အကြွင်းမဲ့ ယုံကြည်လိုက်ပါ။ အမြဲတမ်း အပြုသဘောနဲ့ ရှုကြည့်ပါ။ ဘ၀ဆိုတာ တခါတရံမှာ ပြဇာတ်တစ်ပုဒ်လိုပါပဲ။ သင့်အာရုံထဲမှာ စိတ်ကူးရေးဆွဲတဲ့အတိုင်း ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ဒါကြောင့် တွေ့ကြုံလာသမျှ အရာအားလုံးအပေါ်မှာ အပြုသဘောနဲ့ ချဉ်းကပ်ဖြေရှင်းပြီး အောင်နိုင်သူဆိုတဲ့ နေရာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ကြရအောင်ပါ။


ကဲ… ဘယ်လို သဘောရလဲ။ နောက်ထပ် ပြဿနာတစ်ခုကို ဘယ်လိုချဉ်းကပ်ဖြေရှင်းတယ်ဆိုတာနဲ့ ပါတ်သက်ပြီး ဖတ်မိတဲ့ စာပိုဒ်လေးကို ပြောပြမယ်ဗျာ။ ဉာဏ်စမ်းပုစ္ဆာလေးပါတဲ့။ မေးခွန်းတစ်ခုပါပဲ။ အဖြေကိုလည်း တစ်ခုပဲ ရွေးပါတဲ့။ ဒီလိုဗျ။


“မုန်တိုင်းထန်တဲ့ ညတစ်ညမှာ သင် ကားမောင်းသွားခဲ့တယ်။ ဘတ်၊စ်၊ကားမှတ်တိုင်တစ်ခု ဖြတ်သွားတော့ ကားစောင့်နေတဲ့လူ ၃ ယောက်တွေ့တယ်။

၁။ သေလုသေခင် ဖြစ်နေပုံရတဲ့ အဘွားအိုတစ်ယောက်။

၂။ သင့်အသက်ကို တစ်ခါက ကယ်ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်။

၃။ သင့်အိပ်မက်ထဲက ဘ၀ခရီးဖော်လို လူတစ်ယောက်။

သင့်ကားက လူတစ်ယောက်ကိုသာ တင်ခေါ်နိုင်တဲ့ အခြေအနေမှာ ဘယ်သူ့ကို တင်ခေါ်သွားမလဲ…တဲ့။


မေးခွန်းလေးက ဒါပါပဲ။ အဲဒီမေးခွန်းက တစ်ခါက အလုပ်ခွင်စာမေးပွဲမှာ တကယ်မေးခဲ့တဲ့ ကျင့်ဝတ်သီလဆိုင်ရာ ပုစ္ဆာတစ်ခုဖြစ်တယ်တဲ့။ သေလုသေခင်ဖြစ်နေတဲ့ အဘွားအိုကို တင်ခေါ်သွားပြီး အသက်တစ်ချောင်းကို ကယ်တင်မလား။ ဒါမှမဟုတ် တစ်ခါက သင့်အသက် ကယ်ဖူးတဲ့ မိတ်ဆွေဟောင်းကို တင်ခေါ်သွားပြီး ကျေးဇူးပြန်ဆပ်မလား။ ဒီလိုလုပ်ခဲ့ရင် အသင့်တော်ဆုံး ဘ၀အဖော်မွန်ကို နောက်ထပ်တွေ့ကောင်းမှ တွေ့နိုင်မယ်တော့မယ်တဲ့။ အခု ခင်ဗျားသာ အဲဒီကားပေါ်က ကားမောင်းလာတဲ့သူဆိုရင် အဲဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ။ ကျနော်ကတော့ အဲဒီမေးခွန်းဖတ်ပြီး အဖြေကို ဆက်မကြည့်တော့ပဲနဲ့ အိပ်ပစ်လိုက်တယ်ဗျာ။ ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်။ ပြီးမှ သူဘာလုပ်သွားလဲ ဖတ်ကြည့်လိုက်တယ်ဗျာ။ တလွဲဗျို။ လွဲလိုက်သမျှ တက်တက်စင်အောင် လွဲတယ်။

(source) ဇေဇော်/ကိုးရီးယား သီဟဘာဟု

Print

0 comments:

Post a Comment

အားလုံးပဲ့ မင်္ဂလာပါ