.:. စိတ်၏ငြိမ်းချမ်းရာနယ်မြေ .:.

စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ် လိမ်ရောင်း


အေးလျှင် ခဲတတ်သော အာနိသင် ရှိသည့် စားအုန်းဆီကို မခဲရန် အနံ့ပျော့ ဆပ်ပြာမှုန့်များ ရောကျိုကာ ပဲဆီအနံ့ သွင်းပြီး ပဲဆီအဖြစ် ရောင်းချ မှုများ ရှိနေ ကြောင်း တောင်ဒဂုံ စက်မှုဇုန်မှ ဆုံဆီသီးသန့် ရောင်းချသူ တစ်ဦးက ပြောကြားသည်။ vဈေးသက်သာသော စားအုန်းဆီကို မီးအပူပေး ကျိုပြီး အနံ့သိပ်မပြင်းသည့် ဆပ်ပြာမှုန့်များနှင့် ရောလျှင် စားအုန်းဆီသည် ရေခဲသေတ္တာထဲ ထည့်လျှင်ပင် မခဲဘဲ အရောင်မှာလည်း ကြည်လာကြောင်း၊ ဆပ်ပြာမှုန့် ရောထားသည့် စားအုန်းဆီ တစ်ပီပါကို မြေပဲရနံ့ တစ်အောင် စရောလျှင် ပဲဆီနှင့် ဆင်တူယိုးမှား ဖြစ်သွားပြီး ပဲဆီအဖြစ် ဈေးမြှင့် ရောင်းကြကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ အိမ်ရှင်မ အများစုသည် စားအုန်းဆီသာ ခဲပြီး ပဲဆီဆိုလျှင် မခဲဟု လွဲမှားစွာ မှတ်ယူထား ကြသဖြင့် မခဲအောင် ဆပ်ပြာမှုန့် ရောကျိုခြင်း ဖြစ်ပြီး ယခုခေတ်တွင် ဓာတုဗေဒ နည်းပညာဖြင့် ထုတ်လုပ်ထားသော ရနံ့မျိုးစုံ လွယ်ကူစွာ ဝယ်ယူရနေသဖြင့် မခဲအောင် လုပ်ထားသည့် စားအုန်းဆီကို အနံ့သွင်းပြီး မြေပဲဆီအဖြစ် လိမ်ညာရောင်းချခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ မြေပဲဆီမှန်လျှင် မခဲဟုသာ မှတ်ယူထားသော အိမ်ရှင်မများ၏ ဗဟုသုတသည် လွဲမှားနေကြောင်း၊ မြေပဲဆီ ကြိတ်လျှင် ရေနွေးဖျန်းပြီးမှ ကြိတ်ရပြီး ဆီစစ်များနှင့် ကောင်းစွာ မစစ်နိုင်လျှင် မြေပဲဆီ အစစ်သည်လည်း ရေခဲသေတ္တာထဲကို ထည့်ထားလျှင် ခဲကြောင်း၊ ယခုဖြစ်စဉ်သည် အိမ်ရှင်မများ အသိအမှတ် လွဲမှုအပေါ် အခွင့်အရေးယူ အသုံးချခြင်း ဖြစ်ကြောင်း ပခုက္ကူမြို့မှ ဆီစက်လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။ ယခင်က စားအုန်းဆီနှင့် မြေပဲဆီ ရောပြီး အနံ့ကောင်းစေရန် မြေပဲရနံ့ ထည့်ကြောင်း၊ ယခု စားအုန်းဆီကို မခဲအောင် လုပ်ပြီး မြေပဲရနံ့ဖြင့် မြေပဲဆီဟု ရောင်းနေသည်ကို ကြားနေရကြောင်း ၎င်းက ရှင်းပြသည်။ " မြေပဲဆီ အစစ်ဆိုရင် လျှာပေါ်မှာ ဆိမ့်ပြီး ကျန်ခဲ့တဲ့ အရသာ ရှိတာကို သတိပြုသင့်တယ်" ဟု ၎င်းက ရှင်းပြသည်။ လက်ရှိ မြေပဲဆီ လက်ကားဈေး တစ်ပိဿာ ၃၇၀၀၊ ၄၀၀၀ ကျပ်ခန့် ရှိပြီး မြေပဲဆန် တစ်ပိဿာ ၁၂၀၀၊ ၁၀၀၀ ကျပ်ခန့် ရှိကာ စားအုန်းဆီ လက်ကား တစ်ပိဿာ ၁၆၅၀၊ ၁၇၀၀ ကျပ်ခန့်သာ ရှိသဖြင့် ဆီရော ရောင်းလိုသူများပင် တွက်ခြေကိုက်ကြောင်း ရန်ကုန် ဘုရင့်နောင် စားအုန်းဆီ ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။ 
Source By; ဧဒင်ဥယာဉ်

ဆက်လက်ဖတ်ရှု့ရန်...

အားလုံးပဲ့ မင်္ဂလာပါ